Pterygium မျက်သားတက်ခြင်း

ကာကွယ်ဘို့ကတော့ မျက်စိကို လေ၊ အမှုံအမွှားနဲ့မတွေ့အောင် ဂရုစိုက်ပါ။ နေကာမျက်မှန်ကောင်းတာတပ်ပါ။ ခရမ်းလွန်ရောင်ခြည် (အေ) နဲ့ (ဘီ) ကိုပါကာကွယ်နိုင်တာက ကောင်းတယ်။ Wraparound sunglasses မျက်မှန် ဆိုတာကောင်းတယ်။

2021-11-08 13:05:46 - healer

C Thu Zar Htun ဆရာရှင့် မျက်သားတက်တဲ့အကြောင်းလေး ရေးပေးစေချင်ပါတယ်။ သိချင်လို့ပါဆရာ ကျေးဇူးပြုပြီး။

မျက်သားတက်တဲ့ရောဂါဟာ အိမ်အပြင်မှာကြာကြာထွက်ရသူတွေမှာ အဖြစ်များတယ်။ Surfer’s Eye လို့လည်း ခေါ်ကြတယ်။ မျက်စိအဖြူလွှာပေါ်မှာ ပန်းရောင်မျက်သားအပိုတွေ တက်လာတာဖြစ်တယ်။ ဘေးအစွန်ကနေ မျက်စိအလည်ဗဟိုဆီ ဦးတည်နေတယ်။ ကြာလေဆိုးလေဖြစ်တယ်။ တခါတလေ တိုးနေတာကရပ်တန့်သွားတယ်။ အဆိုးဆုံးအခြေအနေက သူငယ်အိမ်ကိုဖုံးတဲ့အထိဖြစ်ပြီး မျက်စိအမြင်ကိုပါ ရှေ့ကနေဖုံးထားမယ်။

မျက်စိတဖက်တည်းရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ ရှိနေပေမယ့် ဘာမှမခံစားရတာကများတယ်။ သူများအမြင်မှာတော့ ရုပ်ဆိုးနေမယ်။ ခုနေသလို ခံစားရနိုင်တယ်။ ယားနိုင်တယ်။ တခုခုဝင်နေသလိုခံစားရတယ်။ တခါတလေ မျက်စိကျိန်းသလိုနီရဲနေမယ်။ အနက်ရောင်အဝိုင်းပေါ်ကိုဖုံးရာကနေ အမြင်လွှကြိုပုံပန်းပြောင်းစေလို့ astigmatism ဖြစ်စေပြီး အမြင်ကိုထိခိုက်မယ်။

အလင်းရောင်၊ လေ၊ အမှုံတွေနဲ့ တာရှည်ထိတွေ့နေရလို့ ဖြစ်နိုင်တယ်။ မျက်စိခြောက်နေရင်ဖြစ်နိုင်တယ်။

ယောက်ျားတွေက ပိုအဖြစ်များတာတွေ့ရတယ်။ မကူးစက်ပါ။

မျက်စိအနေရခက်ရင် Lubricating eyedrops or ointments (Blink or Refresh drops) မျက်စဉ်းတွေသုံးနိုင်တယ်။

vasoconstrictor eyedrops (Naphcon A) မျက်စဉ်းကို တခါတလေသုံးနိုင်တယ်။ steroid eyedrops (FML or Lotemax) မျက်စဉ်းမျိုးကို ရေတိုသုံးနိုင်တယ်။

လိုအပ်လာရင် ခွဲစိတ်ရမယ်။ မြန်မာပြည်မှာ အရင်က သမားရိုးကျခွဲစိတ်ပေးနည်းကို သုံးခဲ့တယ်။ မျက်စိကိုထုံဆေးခပ်မယ်။ တရိဂံပုံမျက်သားထိပ်ကို အောက်ခြေကနေအသာအယာခွါယူတယ်။ ထိပ်ကခွါပြီးရင်ကျန်တာကလွယ်တယ်။ ထိပ်နေရာကို ချုပ်ကြိုးနဲ့ တချက်ချုပ်ပြီး တရိဂံစွန်းကို သူ့မျက်သားနောက်-အောက်ဖက်ကနေ တရိဂံအခြေပိုင်းဖက်သွင်းယူပြီး ချုပ်-ချည် ပေးရတယ်။ မျက်သားဆက်တက်လာလည်း သူငယ်အိမ်ကိုမဖုံးတော့ဘူး။ အမြင်ကို မထိခိုက်စေဘူး။

နောက်ပိုင်းမှာ လူနာရဲ့ conjunctiva မျက်စိအဖုံးလွှာ ဖြစ်ဖြစ် preserved amniotic membrane သိမ်းဆည်းထားတဲ့ အချင်းလွှာဖြစ်ဖြစ် အစားထိုး ကပ်ပေးနည်းသုံးတယ်။ ခွဲတာက ၃ဝ-၄၅ မိနစ်ကြာမယ်။ မျက်စိကို eye patch အဖုံး ကပ်ထားပေးတာ ၁-၂ ရက် ထားရမယ်။ ခွဲပြီးရင် steroid eyedrops စတီရွိုက်မျက်စဉ်းကို တလလောက်ခပ်ခိုင်းမယ်။ ခွဲပြီးပေမယ့် တချို့မှာ ပြန်ဖြစ်တတ်တယ်။

ကာကွယ်ဘို့ကတော့ မျက်စိကို လေ၊ အမှုံအမွှားနဲ့မတွေ့အောင် ဂရုစိုက်ပါ။ နေကာမျက်မှန်ကောင်းတာတပ်ပါ။ ခရမ်းလွန်ရောင်ခြည် (အေ) နဲ့ (ဘီ) ကိုပါကာကွယ်နိုင်တာက ကောင်းတယ်။ Wraparound sunglasses မျက်မှန် ဆိုတာကောင်းတယ်။ ခရမ်းလွန်ရောင်ခြည်သာမက လေနဲ့အမှုံတွေကိုပါ ကာကွယ်တယ်။ မျက်စိခြောက်သူတွေက artificial tears မျက်ရည်တုမျက်စဉ်းသုံးရမယ်။


ဒေါက်တာတင့်ဆွေ
၇-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/pterygium.html


#DrTintSwe #Pterygium

More Posts